Monday, January 17, 2011

ငှက်ကလေးရဲ့ ပုံပြင်

၅ ဇန်နဝါရီလ ၂၀၁၁

မေမေ့ကို ဖုန်းခေါ်ဖြစ်တယ်... မေမေကပြောတယ် သမီးနဲ့မေမေနဲ့ ဝေးနေရတာ ၄နှစ်တောင်ရှိသွားပြီတဲ့... ဟုတ်ပါတယ်လေ... ကျွန်မ စလုံးကို စရောက်တာ ဇန်နဝါရီလ ၂၀၀၇ ကပါ... အဲဒီ ၂၀၀၇ ထဲက မေမေဆီ သွားလိုက်ပြန်လိုက်လုပ်တာ လက်ချိုးရီမယ်ဆိုရင် ၁၀ခါ တောင်ပြည့်ဖို့ အတော်ကြီးလိုပါဦးမယ်... မေမေကပြောတယ် ညတိုင်းညတိုင်း သမီးကို လွမ်းနေတာတဲ့... ကျွန်မရင်ထဲမှာ ဆို့နင့်ပြီး မျက်ရည်တွေတောင် လည်လာပါတယ်... အမှန်တကယ် အဲဒီနေ့က MOM ရုံးကအပြန် S Pass သက်တမ်းတိုးပြီး မေမေ့ဆီကို ဖုန်းဆက်လိုက်တာပါ... မေမေ့ဆီဖုန်းဆက်တာကလည်း S Pass သက်တမ်းတိုးလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောဖို့လေ... ဒီသတင်းက မေမေ့အတွက်တော့ သူ့သမီးကို သူနဲ့ တတိုင်းတစ်ခု ထပ်ခြားလိုက်သလိုပါပဲ...

ကျွန်မနဲ့မေမေနဲ့က မုန့်ထွက်စားလည်းအတူတူ၊ Shopping ထွက်လည်းအတူတူ၊ သားအမိနှစ်ယောက် ကားတစ်စီးနဲ့ ကျွန်မကမောင်းပြီး ကျွန်မဘေးမှာ မေမေကထိုင်ခဲ့တာ ကျွန်မဆယ်တန်းဖြေပြီး ၂၀၀၀ ထဲကပါ... ကျွန်မဖေဖေက ကျွန်မဆယ်တန်းဖြေပြီးကာစ ၂၀၀၀ ထဲက နိုင်ငံခြားထွက်သွားတာပါ... ကားမောင်းတတ်ကာစ ကျွန်မကိုစိတ်ပူပြီး ကျွန်မဘယ်သွားသွား အမြဲလိုက်စောင့်ပေးခဲ့တဲ့မေမေရယ်ပါ...

မှတ်မိပါသေးတယ်... ကျွန်မ Informatics မှာ Computer သင်တန်းတက်တုန်းကလည်း သင်တန်းပြီးတဲ့အချိန်ထိ မုန့်တွေ၊ ရေဘူးတွေနဲ့ ကားထဲမှာ ထိုင်စောင့်ပေးခဲ့တာပါ... သင်တန်းက ယောကျာ်းလေးသူငယ်ချင်းတွေကတောင် ပြောနေပါသေးတယ်... ဘာလဲ နင့်မေမေက ငါတို့နဲ့စိတ်မချလို့တစ်နေကုန် ထိုင်စောင့်နေတာလားတဲ့... အမှန်တကယ် မေမေစိတ်ပူတာက ကျွန်မကားမောင်းနေရင်း လမ်းမှာကားပျက်သွားရင် ကျွန်မတစ်ယောက်ထဲ ယောင်ချာချာဖြစ်ပြီး ဘာလုပ်ရမှန်းမသိ၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေမှာဆိုးတာရယ်၊ မိန်းကလေးငယ်တစ်ယောက်ထဲ လမ်းမှပေါ်မှာ ကားပျက်ရင် အန္တရယ်များတယ်ဆိုပြီး မေမေကစိတ်ပူတာရယ်ပါ...

နောက်ပြီး အဲဒီတုန်းက ကျွန်မမှာ ကားမောင်းလိုင်စင်မရှိသေးပါဘူး... အသက်မပြည့်သေးတဲ့အတွက် လုပ်လို့လည်းမရပါဘူး... အဲဒီတုန်းက ကျွန်မမှာ ယာဉ်ထိမ်းရဲတွေ့ရင် ရင်တထိတ်ထိတ်နဲ့ပါ... တစ်ကယ်လို့ လှမ်းတားပြီး ကားမောင်းလိုင်စင်စစ်ရင် ကျွန်မမှာ ပြစရာ ဘာမှမရှိပါဘူး... ပိုက်ဆံကိုတော့ လိုရမယ်ရ အမြဲတမ်း ဆောင်ထားရပါတယ်... မေမေက အဲဒါတွေကို စိတ်ပူတာရယ်ပါ...

အဲဒီတုန်းက ကျွန်မမောင်လေးက ဆယ်တန်းဖြေဖို့ လုပ်နေရတဲ့အချိန်၊ နောက်ပြီး ကားလည်းမမောင်းတတ်သေးပါဘူး... အဲဒီတော့ အကြီးဖြစ်တဲ့ကျွန်မက အစစအရာရာ ဖေဖေ့နေရာ ဝင်ခဲ့ရတယ်ဆိုပါတော့... ပိုက်ဆံရှာတာက လွဲရင်ပေါ့လေ... မောင်လေး ကျောင်းကြို၊ကျောင်းပို့ကအစ မေမေနဲ့ကျွန်မ အတူတူလုပ်ခဲ့တာရယ်ပါ... ကျွန်မကားမောင်းတာကို တော်တော်လေးစိတ်ချသွားပြီဆိုမှ မေမေက ကျွန်မနောက်မလိုက်တော့တာပါ... ဖေဖေနိုင်ငံခြားထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ကျွန်မ မေမေနဲ့အတူတူ အိပ်ခဲ့တာပါ... သွားအတူ၊လာအတူ၊ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်နဲ့ ဒီသားအမိနှစ်ယောက် အတူတူနေလာကြတာ နှစ်တွေက နည်းမှမနည်းတော့တာနော်... အမှန်တကယ်ပြောရရင် မေမေက ကျွန်မအတွက် သူငယ်ချင်းကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူး... ကျွန်မမှာ တိုင်ပင်စရာဆိုလို့ မေမေပဲရှိပါတယ်... တစ်ချို့တစ်ချို့သော ကိစ္စတွေကို ကျွန်မ မေမေကို မပြောပြဖြစ်ပါဘူး... ဒါပေမယ့် အကင်းပါးတဲ့မေမေက ကျွန်မရင်ထဲမှာ ဘာရှိတယ်ဆိုတာကိုသိပါတယ်... ဘာတွေဖြစ်နေတယ်ဆိုတာကိုလည်း သိပါတယ်... ကျွန်မအနားမှာ အားပေးနှစ်သိမ့်ပေးခဲ့တာ မေမေရယ်ပါ...

ကျွန်မ စလုံးကိုသွားမယ်လို့ ဆုံဖြတ်ချက်ချတော့လည်း မေမေ ကျွန်မကို ဘာမှမပြောခဲ့ပါဘူး... ကျွန်မရဲ့ လိုအင်ဆဒ္ဒကို ဖေဖေနဲ့မေမေက ဖြည့်ဆီးပေးခဲ့ပါတယ်... အဲဒီတုန်းက ကျွန်မက အရမ်းကို တက်ကြွနေတဲ့ အပျံသင်စ ငှက်ကလေးအတိုင်းပဲ ဟိုးအဝေးကြီးကိုလှမ်းမြင်နေရတဲ့ မိုးကောင်းကင်အဆုံးထိ ပျံသန်းချင်နေခဲ့သူပါ... အတောင်ပံတွေကလည်း တစ်ဖျတ်ဖျတ်နဲ့ ဒီအသိုက်ကလေးကနေ အဝေးဆိုးကိုသွားဖို့ ကြံရွယ်နေတဲ့ ငှက်ငယ်လေးအတိုင်းပါပဲ... ကျွန်မ မရှိရင် မေမေဘယ်လိုကျန်ခဲ့မယ်ဆိုတာ မတွေးထားခဲ့မိပါဘူး... မောင်လေးကတော့ မေမေဘေးနားမှာ ရှိနေမှာပဲလေဆိုပေမယ့် သားအမေ့နားမှာ ရှိတဲ့အားနဲ့၊ သမီးအမေ့နားမှာ ရှိတဲ့အားချင်းမတူပါဘူး... မေမေသွားချင်တာကို သားကလိုက်ပို့ပေးပါတယ်... မေမေအနားမှာ သားရှိနေပါတယ်... ဒါပေမယ့် မေမေမှာ တိုးတိုးဖော်မရှိဘူးလေ... Shopping ကို သားနဲ့အတူတူသွားတာနဲ့ သမီးနဲ့သွားတာ တော်တော်ကြီးကွာပါတယ်လေ... သမီးနဲ့ဆိုရင်တော့ ဒီအကျီလေးနဲ့ဆို မေမေနဲ့လိုက်တယ်၊ ဒီအရောင်လေးက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ မမောနိုင်၊ မပန်းနိုင်ပါဘူး... သားဆိုရင်တော့ မေမေသွားချင်တာလိုက်ပို့ပေးမယ် ပြီးရင် အိမ်ပြန်လိုက်ပို့ပေးမယ်... ဒါကောင်းတယ်မကောင်းဘူး တိုင်ပင်လို့မရပါဘူး... သူကိုမေးရင် ကောင်းတယ်လို့ပဲပြောမှာပေါ့နော်... မြန်မြန်ဝယ်ပြီးအောင်လို့လေ...

အဲဒီလိုနဲ့ ကျွန်မ စလုံးမှာ နေလာလိုက်တာ တစ်နှစ်ကျော်၊ နှစ်နှစ်ရှိလာပါတယ်... ဒီကြားထဲ အိမ်လွမ်းလားဆိုတော့ အိမ်ကိုလွမ်းပါတယ်... မေမေကိုလည်း လွမ်းပါတယ်... ဒါပေမယ့် ကျွန်မ မေမေ့နားမှာ ပြန်နေဖို့ မစဉ်းစားမိသေးပါဘူး... အပျံသင်စ ငှက်ကလေးအတိုင်းပဲပေါ့... ပျံလိုက်တာ ဟိုးအဝေးကြီးကိုပါပဲ... သူပျံနေတာဟာ သူ့အသိုက်အဝန်းနဲ့ တော်တော်ကြီးဝေးနေပြီဆိုတာ သူမသိသေးပါဘူး... ဒီလိုနဲ့ပဲ ကျွန်မလည်း စလုံးမှာ အခြေချနေထိုင်နိုင်ရန် ကျိုးစားနေပါတယ်.. အဲဒါတွေက မေမေနဲ့ အဝေးဆုံးဖြစ်အောင်လုပ်နေတယ်ဆိုတာ သတိမထားမိသေးပါဘူး... သူ့စိတ်တိုင်းကျ လွတ်လပ်စွာပျံသန်းနေတဲ့ ငှက်ကလေးဟာ လေပြင်းမုန်တိုင်းဒဏ်တွေကိုလည်း ကြံကြံခံခဲ့ပြီးပါပြီ... အုပ်စုလိုက်လာပြီးတိုက်ခိုက်ခဲ့တဲ့ သူ့လိုပဲ အပျံသင်စငှက်တွေနဲ့လည်း တိုက်ခိုက်ခဲ့ပြီးပါပြီ... ဒါပေမယ့် ကြာလာတော့ ငှက်ကလေးက မောပန်းလာပါတယ်... သူ့ရဲ့ နားခိုရာအစစ်အမှန်ကို လိုက်ရှာနေပါပြီ... ဒါနဲ့ပဲ သူ့ရဲ့နေထိုင်ရာ အသိုက်ကလေးကို ပြန်လှည့်ကြည့်လိုက်တော့ ရေးရေးလေးပဲ တွေ့ရပါတော့တယ်... သူပျံသန်းလာတာ တော်တော်ကြီးကို ခရီးရောက်နေပြီပဲ... အခု ငှက်ကလေးစိတ်ထဲမှာ ဇဝေဇဝါဖြစ်နေပြီ မေမေရေ... မေမေ့နားမှာပြန်လာပြီး မေမေ့ရင်ခွင်ထဲမှာပဲ ပြန်နားရမလား... ဒါမှမဟုတ် ရှေ့ဆက်ပြီးတော့ ပျံလက်စနဲ့ပဲ ဆက်ပြန်ရမလားမေမေ... ငှက်ကလေးကရော တကယ်သတ္တိရှိရဲ့လား မေမေ့ရင်ခွင်ထဲမှာ ပြန်နားခိုဖို့ကိုလေ...

နောက်ပြီး ဖုန်းပြောတုန်းက မေမေကပြောသေးတယ်... သမီးက ဟိုမှာအနေကြာလာပြီဆိုတော့ ဒီမှာ ပြန် ဘယ်နေချင်တော့မလဲတဲ့... ဘယ်လိုများပြောလိုက်တာပါလိမ့်မေမေရယ်... မေမေ့သမီးက မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးလာတာပါမေမေ... နောက်ပြီး သမီးသိပ်ချစ်တဲ့မေမေကလည်း မြန်မာပြည်မှာလေ... တကယ့် ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံကလဲ မြန်မာပြည်လေမေမေ... သမီး မြန်မာပြည်မှာ မနေနိုင်စရာအကြောင်းမရှိပါဘူးမေမေရယ်...

သမီးမှတ်မိပါသေးတယ်... မေမေပြောပြောနေတဲ့ စကားတစ်ခွန်းပေါ့... နိုင်ငံခြားဆိုတာရှိလို့ ငါနဲ့ ငါ့သမီးခွဲရတာတဲ့... ဟုတ်တယ်နော်မေမေ... နိုင်ငံခြားဆိုတာသာမရှိရင် သမီး နိုင်ငံခြားကို ဘယ်သွားချင်ပါ့မလဲနော်... အဲဒီအခါကျရင် မေမေနဲ့သမီးလည်း ဘယ်ခွဲရတော့မလဲနော်... ဘာဖြစ်လို့များ နိုင်ငံခြားဆိုတာကြီးကို လူတွေက အရမ်းအထင်ကြီးပြီး သွားချင်နေကျလည်းမသိဘူးနော်... ဒါဆို သမီးကရော ဘာဖြစ်လို့များ မေမေနဲ့ သမီးကိုခွဲခဲ့တဲ့ နိုင်ငံခြားဆိုတာကို သွားချင်ခဲ့ရတာလဲမသိဘူးနော်...

တကယ်တော့ လူ့ဘဝလေးက တိုတိုလေးပါမေမေ... ဘယ်နေရာမှာပဲဖြစ်ဖြစ် ကောင်းတာရော၊ဆိုးတာရော၊ ဆင်းရဲတာရော၊ ချမ်းသာတာရော ဒွန်တွဲနေတာပါမေမေ... ဒီလိုတိုတောင်းလှတဲ့ဘဝမှာ သမီးက ဘာကိုရွေးချယ်ရမလဲမေမေ... သမီးသိပ်ချစ်တဲ့မေမေ့အနားမှာပဲနေပြီး အလုပ်လုပ်ရမလား... ဒါမှမဟုတ် မေမေနဲ့ခွဲပြီး ပိုက်ဆံအများကြီးရတဲ့နေရာမှာပဲ အလုပ်လုပ်ရမလား... သမီး မဆုံးဖြတ်တတ်တော့ပါဘူးမေမေရယ်...

Saturday, January 1, 2011

ဆဒ္ဒ

လောကမှာ လူရယ်လို့ဖြစ်လာခဲ့ရင် သူ့မှာ သူဖြစ်ချင်တာလေးတွေရှိပါမယ်... ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူဟာ ဖြစ်ချင်တာကို မရွေးချယ်ဖြစ်ပဲ ဖြစ်သင့်တာကိုပဲ ရွေးချယ်ပြီး လုပ်ခဲ့ရပါလိမ့်မယ်... ဒါမှမဟုတ် ဖြစ်နေတာကိုပဲ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေပါလိမ့်မယ်...

အဲဒီလိုပဲ ကျွန်မမှာ ကျွန်မဖြစ်ချင်တာလေးတွေရှိခဲ့ပါတယ်... ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သင့်တာကိုပဲ ဦးစားပေးခဲ့ပါတယ်... ဒါပေမယ့် ဖြစ်သင့်တာကိုပဲ လုပ်ဆောင်နေရတဲ့ အကြိမ်အရေအတွက် များလာမယ်ဆိုရင်တော့ စိတ်အလိုမကျမှုတွေဖြစ်တတ်ပါတယ်... ဒေါသစိတ်လေးလည်း ကပ်ညိပါလာနိုင်ပါသေးတယ်... တစ်ခါတစ်လေကျတော့လည်း ဖြစ်သင့်တာကိုလုပ်ဆောင်ရင်း ဖြစ်နေတဲ့အတိုင်းလေးပဲ လိုက်လျောညီထွေစွာ နေလိုက်ရပါတယ်... ပျော်တယ်ရယ်လို့တော့ မရှိပါဘူး... ဒါပေမယ့် စိတ်ဆင်းရဲလားဆိုတော့လည်း စိတ်မဆင်းရဲပါဘူး... စိတ်ဖိစီးမှုတွေ အရမ်းများလာတဲ့အခါကျရင်တော့ ဒေါသထွက်လွယ်တတ်တာလေးတစ်ခုပေါ့...

တစ်ချို့တစ်ချို့သော ဖြစ်ချင်မှုတွေထဲမှာ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ အတ္တတွေ၊ မာနတွေ စသည်ဖြင့် ရှိတတ်ပါတယ်... အဲဒီလိုမျိုးဆိုရင်တော့ ကိုယ့်ရဲ့ဖြစ်ချင်မှုထက် ဖြစ်သင့်တာကိုပဲ ရွေးချယ်သင့်ပါတယ်... အဲဒီအတွက်လည်း ဘယ်တော့မှ နောင်တမရမိပါစေနဲ့... ကိုယ်ဖြစ်ချင်တာလေးက ကိုယ့်စိတ်ချမ်းသာဖို့အတွက်ပဲဖြစ်ပြီး တခြားလူတွေအတွက် စိတ်ဆင်းရဲမှုဖြစ်စေမယ်ဆိုရင်တော့ ဘယ်ကောင်းမှာလဲနော်... ကိုယ်လည်းစိတ်မဆင်းရဲ၊ သူလည်းစိတ်ချမ်းသာဆိုတဲ့အတိုင်း ဖြစ်သင့်တာကိုပဲ ရွေးချယ်သင့်ပါတယ်... ကိုယ်ဖြစ်ချင်မှုဆဒ္ဒက ကိုယ်လည်းစိတ်ချမ်းသာ၊ သူလည်းစိတ်ချမ်းသာဆိုရင်တော့ အကောင်းဆုံးပေါ့နော်... ဒါမှမဟုတ် ဘယ်သူကိုမှ မထိခိုက်ဘူးဆိုရင်လည်း ကောင်းပါတယ်...

တစ်ကယ်လို့ ကျွန်မဖြစ်ချင်တဲ့ ဆဒ္ဒလေးဟာ ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင်... "ကျွန်မဖြစ်ချင်တာလေး ဘယ်တော့မှဖြစ်ခွင့်ရှိမှာပါလဲ... ဒါမှမဟုတ် တစ်ကြိမ်တစ်ခါလောက်များ ကျွန်မလုပ်ချင်တာလေးများ လုပ်ခွင့်ပြုပါတော့လား..."

Saturday, September 18, 2010

ကျွန်မဖတ်ဖို့ (၁)

ဘဝက ပင်ပန်းလိုက်တာ...

တစ်နေ့တစ်နေ့ လုပ်လိုက်ရတဲ့အလုပ်... မနက်မိုးလင်းကနေ မိုးချုပ်အထိ။ အလုပ်မှာလည်း ဖြေရှင်းလိုက်ရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်။ အိမ်မှုကိစ္စကလည်း လုပ်ရသေးတယ်။ ကျောင်းကလည်း Part Time ပြေးတက်ရသေးတယ်။ စာကလည်း ဖတ်ရသေးတယ်။ စာမေးပွဲနားနီးရင် ပိုဆိုးသေးတယ်။ Work Pressure ရော Exam Pressure ရော နှစ်ခုပေါင်းပြီး လူရော စိတ်ရော ဖတ်ဖတ်ကိုမောနေပါပြီ။

တစ်ခါတစ်လေ စိတ်ကုန်ပြီး အိမ်ပြန်ပြေးချင်တဲ့စိတ် တစ်ကယ်ကိုပေါက်မိပါတယ်။

ဒါပေမယ့် အိမ်ကိုငဲ့စောင်းကြည့်လိုက်ပြန်တော့လည်း ကျွန်မက မိဘတွေကို ပြန်လည်ကျွေးမွေးစောင့်ရှောက်ရမယ့်အရွယ်ရောက်နေပြီလေ။ အရင်တစ်ချိန်က မိဘတွေရဲ့အရိပ်အောက်မှာ အပူအပင်မရှိ အေးအေးချမ်းချမ်းနေလာခဲ့ပြီးသွားပြီလေ။ အဲဒီတုန်းက မိဘတွေက ကျွန်မတို့တစ်တွေကို ကျွေးမွေးစောင့်ရှောက်ရင်း ဘဝတွေမောခဲ့ကြရပါတယ်။ အခုအချိန်ခါမှာတော့ ကျွန်မတို့တစ်တွေရဲ့အလှည့်ပေါ့။ မိဘတွေကို ပြန်လည်ကျေးဇူးဆပ်ရမှာပါ။ ဒီစိတ်နဲ့ပဲ အခုလက်ရှိရှိနေတဲ့ ကျွန်မရဲ့ဘဝအမောတွေကို ဖြေသိမ့်ရပါတယ်။ နောက်တစ်လှမ်းဆုတ်မယ်လို့ ကြံရွယ်လိုက်တိုင်း "ငါ မိဘကျေးဇူးဆပ်ရအုံးမယ်... မိဘတွေရဲ့အရိပ်ကို နှစ်နဲ့ချီပြီး ခိုလှုံခဲ့ပြီးသွားပြီ... ဒီထက်ပိုပြီး မိဘတွေကို ဒုက္ခမပေးသင့်တော့ဘူး" ဆိုတဲ့ စိတ်ကို ပြန်လည်သွင်းရပါတယ်။  မိဘအနားမှာနေ ခြေဆုပ်လက်နယ်ပြုပြီး ကျေးဇူးပြန်မဆက်နိုင်ပေမယ့် ကျွန်မရဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်လို့ရတဲ့ပိုက်ဆံနဲ့ မိဘကျေးဇူးကိုပြန်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ကျွန်မဘဝအတွက် လှေကားထစ်တစ်ထစ်ကို ဆက်တက်ဖို့အတွက် ကျွန်မရဲ့မိဘတွေက အားအင်ဖြစ်စေခဲ့ပါတယ်။

ကျွန်မကို နောက်ထပ် အားအင်ဖြစ်စေတဲ့အရာကတော့ ဘုရား၊တရား၊သံဃာပါ။ ငယ်ငယ်က ရတနာသုံးပါးကိုကိုးကွယ်တာ မိရိုးဖလာစိတ်နဲ့ပါ။ ဒါပေမယ့် အရွယ်ရောက်တော့ ရတနာသုံးပါးကို ကိုးကွယ်တာက ကိုယ့်ရဲ့တစ်ကယ့်ကို ပင်ကိုစိတ် ယုံကြည်မှုနဲ့ပါ။ ကိုယ့်ချွေးနဲစာနဲ့ ရှာလို့ရတဲ့ပိုက်ဆံနဲ့ ရတနာသုံးပါးကိုလှူလိုက်ရတာလောက် ပိတိဖြစ်စရာမရှိပါဘူး။ အဲဒီစိတ်နဲ့ပဲ ကျွန်မရဲ့ကျန်ရှိနေတဲ့ လှေကားထစ်တစ်ထစ်ကို ဆက်တက်ဖို့အတွက် အားအင်ဖြစ်စေခဲ့ပါတယ်။

ဒီစိတ်တွေနဲ့ဘဲ ကျွန်မဘဝရဲ့အမောတွေကို ပြေစေခဲ့ပါတယ်။
ဒီပီတိတွေကြောင့်ဘဲ ကျွန်မ စိတ်ချမ်းသာခဲ့ရပါတယ်။
မိဘတွေပို့သတဲ့ မေတ္တာကြောင့်ဘဲ ကျွန်မရဲ့ဘဝ အေးချမ်းခဲ့ရပါတယ်။

အမှတ်တရပါ